လားရှိုး ဇွန် ၁၄
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ လားရှိုးသူနာပြုနှင့်သားဖွား သင်တန်းကျောင်းတွင် တက်ရောက်ပညာသင်ယူလျက်ရှိသော အပတ်စဉ် (၃၂) သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ် သင်တန်းသူ/သားများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက သူနာပြုသင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးသူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟေမာစိုးဝင်းက ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း၊ အပတ်စဉ် (၃၂) သစ်လွင်သင်တန်းသား (၁) ဦးနှင့် သင်တန်းသူ (၆၀) ဦး စုစုပေါင်း (၆၁) ဦးတို့အား တာဝန်ရှိသူအသီးသီးက ဂျူတီကုတ်နှင့်ဦးဆောင်းများကို အပ်နှင်းခဲ့ကြောင်း သိရသည်။
ယင်းနောက် မျိုးဆက်သစ် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ် သင်တန်းသား/သူများသို့ Florence Nightingale ၏ မီးအိမ်ကို ကျောင်းအုပ်ကြီးက လက်ဆင့်ကမ်းထွန်းညှိပေးရာ သူနာပြုသင်တန်းသား/ သူများက သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုကြသည်။
ဆက်လက်၍ ထူးချွန်သစ်လွင်ဆုရ သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ် သင်တန်းသား/သင်တန်းသူများကို ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး)