မော်လမြိုင် ဇွန် ၁၄
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ စေတနာ သွေးသန့်/ သွေးလှူရှင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဇွန်လ (၁၄) ရက်နေ့ဟာ ကမ္ဘာ့ကြက်ခြေနီအဖွဲ့အစည်းကြီး နှစ်ရပ်ဖြစ်တဲ့ အိုင်စီအာစီနှင့် ဖက်ဒရေးရှင်းတို့က အတည်ပြု သတ်မှတ် တဲ့ “ကမ္ဘာ့ သွေးလှူရှင်များနေ့”ဘဲဖြစ်ကြောင်း၊ Karl Landsteiner (ကားလန်စတိန်းနား) ပုဂ္ဂိုလ်ဟာ သွေးသွင်းကုသရာမှာ အချက်အချာကျတဲ့ သွေးအုပ်စုများခွဲခြင်း (A, B,O system)ကို ရှာဖွေတွေ့ရှိတဲ့အတွက် ၁၉၃၀ မှာ နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရခြင်းကို ဂုဏ်ပြုသောအားဖြင့် သူ့မွေးနေ့ကို “ကမ္ဘာ့သွေးလှူရှင်များနေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သွေးလှူဒါန်းခြင်းဆိုတာ လှူနိုင်ခဲသည့် မွန်မြတ်သောဒါနပြုခြင်း တစ်မျိုးဖြစ်ပြီး ကြင်နာမှုနှင့်စာနာမှု ဂရုဏာလမ်းကြောင်းအတိုင်း ဆက်လက်စီးဆင်းနေတဲ့ မေတ္တာစိတ်ဓာတ် စွမ်းအားများ ဖြစ်၍ စေတနာသွေးလှူရှင်ဆိုတာ သွေး (သို့မဟုတ်) သွေးအစိတ်အပိုင်းများ ကို မိမိ၏ သဘောဆန္ဒအလျောက် ပေးလှူသည့်အတွက် ငွေသားဖြစ်စေ၊ ပစ္စည်းတစ်စုံတစ်ရာဖြစ်စေ၊ အခကြေးငွေဖြစ်စေမရရှိသော ပုဂ္ဂိုလ်ကို သွေးလှူရှင်ဟုခေါ်ပါကြောင်း၊ ကျန်းမာရေးလုပ်ငန်းများကိုနိုင်ငံ့ဝန်ထမ်းများ သာမကလူမှုရေး အဖွဲ့အစည်းများကပါ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ကြရမှာဖြစ်ပြီး စေတနာသွေးလှူရှင်များဟာ မိမိရဲ့သန့်စင်မွန်မြတ်တဲ့ သွေးသန့်ကိုလှူဒါန်းခြင်းဖြင့် မိမိကိုယ်ကို မြတ်နိုးဂုဏ်ယူတန်ဖိုးထားပြီး ဆက်လက်ဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီသို့ ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပြီး အကြိမ် (၁၀၀) မြောက်သွေးလှူရှင်အား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က အကြိမ် (၄၀) အထက် သွေးလှူရှင် (၈) ဦးအား ဂုဏ်ပြုတံဆိပ်နှင့်အင်္ကျီ တန်းဘိုး(၅၀၅၀၀၀)ကျပ် အားလှူဒါန်းပေးသော အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်တွင် မော်လမြိုင်တက္ကသိုလ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင် အင်အား (၁၅၀) ဦးတို့၏ စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေး၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)