လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဇွန် ၁၄

ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်အဆောင်ခန်းမတွင် လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုအေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် စည်းကမ်းများကိုကိုယ်တိုင်လိုက်နာ၍ ဆွေးနွေးပွဲတွင် မှတ်သားသင့်သည်များကို မမေ့ရန်အတွက် စိတ်ပါဝင်စားစွာ မှတ်သားသွားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဘက်ပေါင်းစုံထူးချွန်ထက်မြက်စေရန်၊ စာပေဗဟုသုတများရရှိပြီး လူငယ်အချင်းချင်း အသိပညာများဖလှယ်နိုင်စေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးကဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း Grade-11 ကျောင်းသားနှင့် ကျောင်းသူများဖြစ်သည့် မောင်ကြယ်စင်ဟိန်းက “လူငယ်နှင့်အချိန်”၊ မရွှန်းလဲ့အောင်က “လူငယ်နှင့်စာရိတ္တ”၊ မောင်စွမ်းထက်မြတ်က “လူငယ်နှင့်စာပေ၊ မယွန်းပပအောင်က “လူငယ်နှင့်ယဉ်ကျေးမှု”၊ မောင်အောင်ပိုင်က “လူငယ်နှင့်အားကစား”  စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း၊ လူငယ်စကားဝိုင်း ဆောင်ရွက်နိုင်မှုမှတ်တမ်းများ စသည့်အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်