အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်၊စာအုပ်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ကျောက်ပန်းတောင်း ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများနှင့်ပတ်သက်၍ လူငယ်များလေ့လာသိရှိနိုင်စေရန် စိတ်ကြွဆေးအမျိုးအစားများနှင့် သုံးစွဲသူများတွင်ခံစားရရှိနိုင်သည့်အကျိုးအပြစ်များ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သုံးစွဲခြင်းများကြောင့် ဥပဒေအရကျခံရနိုင်သည့်ပြစ်မှု/ပြစ်ဒဏ်များစသည်တို့ကို နံရံကပ်ဘုတ်တွင် ချိတ်စွဲပြသထားရှိပြီး၊ မြို့နယ်ဦးစီးအရာရှိက အသိပညာပေးရှင်းလင်းသည်။ စာအုပ်ပြပွဲတွင် သုတ/ရသစာအုပ်မျိုးစုံ ၇၀ အုပ်ခန့်ကို ခင်းကျင်းပြသထားရှိပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်မည့် အသိပညာဗဟုသုတများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်နိုင်ပုံများနှင့် စာကြည့်တိုက်အသင်းဝင်ကတ်ပြုလုပ်၍ စာအုပ်များအခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်းတို့ကို မြို့နယ်ဦးစီးအရာရှိနှင့် စာကြည့်တိုက်လက်ထောက်(၃)တို့က ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းသားလူငယ်များ၏ စာပေအပေါ်စိတ်ဝင်စားမှုနှင့် စာပေဖတ်ရှုလေ့လာမှု အရည်အသွေးများ ဆန်းစစ်ရန်နိုင်ရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ရာ Grade-9 ကျောင်းသား၊ ကျောင်းသူလေးများက ကျား/မအုပ်စုခွဲ၍ စာရေးဆရာရဲတင့် ရေးသားသည့် နိုင်ငံများ၏ဥစ္စာဓန စာအုပ်ကို အလှည့်ကျဖတ်ရှုကာ စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ Grade-9 မှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး နှင့် ကြီးကြပ်သူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)