ဥတ္တရသီရိ ဇွန် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် “စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး”ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားရာ လူငယ်ဆိုသည်မှာ အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်မည့် မျိုးဆက်သစ် လူငယ်များဖြစ် ကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်၍ အသိဉာဏ်ပညာဖွံ့ဖြိုးသူများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးသွားရန်လိုကြောင်း၊ ကျောင်းသားလူငယ်များသည် လူ့အသိုင်းအဝိုင်းတွင် အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာထောက်ထားမှု၊ ရင်းနှီးဖော်ရွေမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ အပြန်အလှန်လေးစားမှုတို့နှင့် နေထိုင်ပြောဆိုဆက်ဆံကြပြီး စဉ်းစားဆင်ခြင်မှု အသိဉာဏ် ပညာများနှင့် ကြိုးစားအားထုတ်သွားကြမည်ဆိုပါက ဘဝတွင် အောင်မြင်မှုများကို ရရှိနိုင်မှာဖြစ်ကြောင်း၊ မိမိတို့၏ ပင်ကိုယ်အရည်အသွေးကို မြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ စာများများဖတ်ကြရန်နှင့် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့် စိတ်၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထားသည့်စိတ်၊ ကြိုးစားအားထုတ်လိုစိတ်၊ တီထွင်ဖန်တီးထိုးထွင်းဆောင်ရွက်လိုစိတ်များရှိရန်လည်း လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး လူငယ်နှင့် အောင်မြင်မှုခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ယင်းနောက် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတရသ စာအုပ်၊ စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)