ဗန်းမော် ဇွန် ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ကျန်းမားရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းမြစ် ဦးစီးဌာနမှ ကျင်းပသော သူနာပြုသားဖွားသင်တန်းကျောင်း သူနာပြုသားဖွားဒီပလိုမာ (၂၀)ကြိမ် မြောက် သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါလေ့ကျင့်ရေး သင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က “နိုင်ငံတော်မှ ငွေကြေးအမြောက်အများ အကုန်အကျခံပြီး သင်တန်းကျောင်းများ ဆောက်လုပ်၍ သင်တန်းသား/သင်တန်းသူများကို မွေးထုတ်ပေးနေခြင်းဟာ နိုင်ငံတော်ချမှတ်ထားတဲ့ ဦးတည်ချက် (၁၂) ရပ်မှာပါတဲ့ လူမှုရေး ဦးတည်ချက်ဖြစ်တဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုတဲ့အချက်ကို အကောင်အထည်ဖော်ဆောင်ရွှက်နေခြင်းဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာန အနေနဲ့လည်း အမျိုးသားကျန်းမားရေးမှုဝါဒနှင့် အညီ သူနာပြုသင်တန်းကျောင်းတွေကို ပြည်နယ်ဒေသနဲ့နယ်စပ် ဒေသမှာရှိတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ ကျန်းမားရေးတိုးတက်ဖွံ့ဖြိုးလာအောင် အဓိကထားပြီး သူနာပြုများကို မွေးထုတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သင်တန်းသား/သူများ အနေနဲ့ပညာကို သင်ယူတဲ့အခါမိမိတို့ သူနာပြုများရဲ့ဂုဏ်သိက္ခာညှိုးနွမ်း စေမည့်မည်သည့်အပြုအမူ မျိုးမှ မပြုမိစေဖို့ နေထိုင်ကြရမှာဖြစ်သလို လုပ်ငန်းခွင်ရောက်သည့် အခါမှာလည်း လုပ်ငန်းခွင် စည်းကမ်းကို လိုက်နာကြဖို့ မှာကြားလိုကြောင်းနှင့် ခေတ်နှင့် အညီဖွံ့ဖြိုးတိုးတက်နေသည့် ဆေးပညာဘာသာရပ်များနှင့် လိုက်လျောညီထွေတဲ့ သူနာပြုအတတ်ပညာများကို ကျွမ်းကျင်တတ် မြောက်အောင်သင်ယူပြီး အရည်အသွေးပြည့်ဝတဲ့ သူနာပြုကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားစေလိုကြောင်း’’ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဗန်းမော်ပြည်သူ့ဆေးရုံးကြီးမှ ဆေးရုံးအုပ်ကြီး ဒေါက်တာအောင်ကျော်စိုးမှ ဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။ ဗန်းမော်သူနာပြု သင်တန်းကျောင်းအုပ်ကြီး ဒေါ်နွယ်နွယ်စိုးမှ Coating and capping နှင့် ပတ်သက်၍ ဂုဏ်ပြု အမှာစကားပြောကြားခဲ့ပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက သူနာပြုသားဖွားဒီပလိုမာ ပထမနှစ်သင်တန်းသား/ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် တာဝန်ရှိသူများက အတန်း အလိုက်ဆုရရှိသော သင်တန်းသား/သူများအား ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးခဲ့ပြီး ပထမနှစ် သူနာပြုသားဖွားဒီပလိုမာ သင်တန်းသား/သူများမှ သူနာပြုဆီမီးတိုင်သစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ပြီးနောက် သူနာပြုသားဖွား သင်တန်းသား/သင်တန်းသူများက ကရုဏာအလင်း တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီး သင်တန်းသား/သူများက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် တာဝန်ရှိသူများအား ဧည့်ခံကျွေးမွေးခြင်းနှင့် အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရ သည်။
ရှိုးသီဟ (ပြန်/ဆက်)