သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

သင်္ဃန်းကျွန်း ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက ရန်ကုန်သစ်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရးမှူးရုံးတွင် တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ပန်းခင်းစီမံချက် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သင်္ဃန်းကျွန်းမြို့နယ်မှ တာဝန်ရှိဝန်ထမ်းများက ရန်ကုန်သစ်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ပြည်သူများ၊  အသက် (၁၀) နှစ်ပြည့်ပြီး သူနှင့်အသက် (၁၈) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ ပျောက်ဆုံး၊ ပျက်ဆီး‌မှုများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်အဆင့် (၁)၊ (၂) တို့တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် မြို့နယ်အတွင်း နေပြည်သူများအား မေလ (၃) ရက်နေ့မှ စတင်ကာစက်တင်ဘာလ (၃၀) ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)