မြစ်ကြီးနား ဇွန် ၁၄
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် ကချင်ပြည်နယ် သွေးဖောင်ဒေးရှင်းက ဦးဆောင်၍ မြစ်ကြီးနားမြို့ပေါ်ရှိ အသင်းအဖွဲ့များမှ စေတနာ့ သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံ၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဆေးရုံအုပ် ဒေါက်တာ ဝင်းမော် နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ကြီးကြပ်ကူညီမှုနှင့်အတူ ကချင်ပြည်နယ်သွေးဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ မြစ်ကြီးနားမြို့ရှိ အဖွဲ့အစည်းအသီးသီးမှ စေတနာ့သွေးလှူရှင်များ စုပေါင်း၍ သွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး စေတနာ့သွေးလှူရှင်များအား အာဟာရ ဖြည့်အစားအသောက်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ကချင်ပြည်နယ်သွေးဖောင်ဒေးရှင်းအတွက် လှူဒါန်းငွေကျပ် ၁၀ သိန်းနှင့် ဆေးရုံဝန်ထမ်းများ အတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်သူ့ အားကစားကွင်းအတွင်းရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးခန်းမ၌ ၂၀၂၄ ခုနှစ်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက် ရွေးစင်တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ကချင်ပြည်နယ်၏ အားကစားကဏ္ဍ အဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိသည့်အပြင် အားကစားပြိုင်ပွဲများကိုလည်း စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ကြမည့် လက်ရွေးစင်တိုက်ကွမ်ဒိုအသင်းအနေဖြင့် ဆုတံဆိပ်များ ဆွတ်ခူးပြီး ပြည်နယ် ဂုဏ်ဆောင်သော အားကစားသမားများအဖြစ် ကြိုးစားယှဉ်ပြိုင်ကြရန်လိုကြောင်း တိုက်တွန်း ပြောကြားသည်။
ယင်းနောက် လက်ရွေးစင်အသင်းနည်းပြက ပြိုင်ပွဲဝင်ရောက်နိုင်ရေး အားကစားသမားများအား စခန်းသွင်းလေ့ကျင့်ပြင်ဆင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေ ကျပ်သိန်း ၃၀ ကို ထောက်ပံ့ပေးအပ်ရာ အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကားနှင့် ကတိပြုစကား ပြန်လည်ပြောကြားခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇွန် ၁၂ ရက် ညနေပိုင်းကလည်း မြစ်ကြီးနား မြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဝိုင်းမော်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အောင်မင်္ဂလာကျောင်းတိုက်အတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား လိုအပ်ချက်၊ အခက်အခဲများအပေါ် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် အိမ်ထောင်စုများအနေဖြင့်လည်း မိမိတို့နှင့်အတူ ဝိုင်းဝန်း ပူးပေါင်း၍ အတူတကွဖြေရှင်းဆောင်ရွက်သွားကြရန် လိုကြောင်း အားပေးပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသည့် အိမ်ထောင်စု(၁၂၀) စု၊ လူဦးရေ (၄၄၉)ဦးတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ငွေကျပ် ၅၁၆၀၀၀၀ တန်ဖိုးရှိ ခေါက်ဆွဲခြောက်ဖာ (၁၂၀)ဖာနှင့် ကြက်ဥ (၃၀)လုံးပါ (၁၂၀)ကဒ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက ယာယီခိုလှုံနေထိုင်ရာ နေရာတွင် မိုးကာအမိုးနှင့် သဲကျောက်ခင်းပေးနိုင်ရေး လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)