ရွာငံ ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်ကာ အမျိုးသား/ အမျိုးသမီးများ မိသားစုအိမ်တွင်း တစ်နိုင်စီးပွားပြုနိုင်ရန်ရည်ရွယ်ပြီး အိမ်တွင်းမှုသက်မွေးပညာရပ်များ တက်မြောက်စေရန်အလို့ငှာ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မိုးဖြူက အမျိုးသမီးများရဲ့ အသက်မွေးဝမ်းကျောင်းမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသတွင်းအလုပ်အကိုင်ရရှိရေးအတွက် ရွာငံမြိုနယ်အနေဖြင့် အိမ်တွင်းမှုကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ဒေသတွင်းအမျိုးသမီးများအနေဖြင့် စက်ချုပ်သင်တန်း၊ ပန်းအလှပြင်သင်တန်း၊ မုန့်မျိုးစုံသင်တန်း၊ ပလပ်စတစ်ကြိုးခြင်းရက်နည်းသင်တန်း၊ ရစ်ပန်းထိုးအစရှိသည့်သင်တန်းများကို နှစ်စဉ်သင်တန်းသူ (၁၀၀)ကို အိမ်တွင်းမှုဘာသာရပ်(၁၁)မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသောကြောင့် မိသားစုအပိုဝင်ငွေတိုးရရှိပါကြောင်းနှင့် အခြေခံသင်တန်းမှစ၍အဆင့်မြင့်သင်တန်း၊ အထူးသင်တန်း၊ ဒီဇိုင်းပညာသင်တန်းကျွမ်းကျင်အဆင့်အထိ တက်ရောက်ကြရန်များကို ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင် သုံးလွှာစကဒ်၊ လေးလွှာစကဒ်၊ ချိတ်ထမီ၊ ဘောင်းဘီရှည်၊ ရင်စေ့လည်ဝိုင်း၊ နောက်ကွဲဇစ်ပျောက်၊ ရင်ဖုံး၊ သင်္ဘောသားအင်္ကျီများကို ဘာသာရပ်ရှစ်မျိုးဖြင့် ဇွန်လ(၁၄) ရက်မှဇူလိုင်လ (၇)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)