ပင်းတယ ဇွန် ၁၄
ဒေသတွင်းထွက်ရှိသော သီးနှံများကို အခြေခံပြီး တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းရှင်များ ထွက်ပေါ်လာစေရေး၊ One Village One Product ထုတ်ကုန်အသစ်များ ပေါ်ထွက်လာစေရေး၊ ပြည်သူများအနေဖြင့် မိမိတို့ ဒေသထွက် အသီးအနှံများအား တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားလာစေရေးနှင့် ကျေးလက်ဆင်းရဲမှု လျှော့ချရေးစသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးစံပြကျေးရွာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ" သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း" ဆင်းပွဲ အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဗိုလ်မှူး ရာဇာငြိမ်းချမ်းက သင်တန်းဆင်း အမှာစကား ပြောကြားပေးသည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)နှင့် တာဝန်ရှိသူများက ထူးချွန်သင်တန်းသား/သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ပေးခဲ့ကြပြီး ဒေသအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူးမှ သင်တန်းထွက်ထုတ်ကုန်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဇွန်လ (၈)ရက်နေ့မှ ဇွန်လ (၁၄)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းတွင် သင်တန်းသူ/သင်တန်းသား စုစုပေါင်း (၂၀) ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)