မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းဆွေးနွေးပွဲ ဆောင်ရွက်

မြောက်ဥက္ကလာပ ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့နံနက်၁၀နာရီက ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းဆွေးနွေးပွဲကို အမှတ်(အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဥ်များကို အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းက လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ပင်မလုပ်ငန်းစဉ် (၄)ရပ်၊ သန်းခေါင်စာရင်းကောက်ကွက်နှင့် စာရင်းစစ်၊ စာရင်းကောက်လိုအပ်ချက်များ၊ သင်တန်းဖွင့်လှစ်ပို့ချမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက သန်းခေါင်စာရင်းကောက်ယူမည့် အခြေအနေများ၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ကော်မတီဝင်များမှ လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း အကြံပြုဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)