မုဒုံမြို့ရှိ ရောင်းဒေါင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေး

မုဒုံ ဇွန်

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ရောင်းဒေါင်းကျေးရွာရှိ ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်၊ မိသားစုဝင်ငွေတိုးပွားစေမည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးမွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍  မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို  ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန္ဒာဝင်းက ရှင်လင်းပြောကြားသည်။ ထို့နောက် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ရာတွင် ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းလုပ်ငန်းများ  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းရန်ပုံငွေစာရင်းများကို စနစ်တကျ မှတ်တမ်းပြုစု ထိန်းသိမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ 

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာကော်မတီအဖွဲ့ဝင်များက  စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်သူ အသင်းဝင် (၉၅)ဦးအား ချေးငွေကျပ် စုစုပေါင်း (၅၈ ဒသမ ၇) ကျပ်သန်းအား စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)