မိုင်းဖြတ် ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ)မှ ဌာနခွဲတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ ဌာနခွဲတာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၁၉.၅)သန်းဖြင့် အလျား ၂၀၀ပေ၊ အကျယ် ၂ ပေ ၆ လက်မ၊ အမြင့် ၂ ပေ ၆ လက်မအတိုင်းအတာရှိ သစ္စာလမ်း ကျောက်စီရေးမြောင်းပြုပြင်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ (၁၅.၄၈)ကျပ်သန်းဖြင့် ၈၀ပေ၊ ၆ပေ အတိုင်းအတာရှိ ဟိုနားကျေးရွာ ကံ့ကော်လမ်း မြေကာနံရံ တည်ဆောက်ခြင်းလုပ်ငန်းအားလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်တို့က လုပ်ငန်းများဆောင်ရွက်နေမှု မြေပြင်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဦးစိုးနိုင်ဦးက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းများ အချိန်မီဆောင်ရွက်ပြီးစီးရေး လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွက် ရောင်းချခဲ့သည့် ဝက်သား သတ်လုပ်ငန်းရှင်၏ သားသတ်လုပ်ငန်းဆောင်ရွက်သည့် နေရာနှင့် ဌာနပိုင်သားသတ်ရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုင်စင်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရေးမှားကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)