မိုင်းရယ်မြို့နယ်တွင် VDP စီမံကိန်း မိတ်ဆက်ပြီး ကော်မတီဖွဲ့စည်း

မိုင်းရယ် ဇွန်  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နမ့်တုံး(လားဟူ)ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးစီမံကိန်း မိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းလုပ်ငန်းစဉ်များ၊ စီမံကိန်းမူဘောင်များ၊ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာသူ/သားများက ဦးစားပေးဆောင်ရွက်လိုသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များ ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူများ၏ အများသဘောဆန္ဒနှင့်အညီ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်(၇)ဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။

အဆိုပါ နမ့်တုံး(လားဟူ)ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း (၁၅၀)၊ ကျေးရွာနေပြည်သူများ၏ လုပ်အား၊ ငွေအားထည့်ဝင်မှုဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအလိုက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများပံ့ပိုးကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)