ဥတ္တရသီရိမြို့နယ်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးပွဲ ကျင်းပ

ဥတ္တရသီရိ ဇွန် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာရှိ ပညာ့မဏ္ဍိုင်စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားရေးအတွက် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်သည့်အလေ့အထများဖြစ်စေရေး၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတပြည့်စုံစေရေး၊ စာအုပ်များ စနစ်တကျထားရှိရေး၊ နေ့စဉ်ထုတ်သတင်းစာများထားရှိရေး၊ သုတရသစာအုပ်စာစောင်များ ပြည့်စုံစွာထားရှိရေး၊ စာကြည့်တိုက်တွင် လူငယ်လူရွယ်များအတွက် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးရေး၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရေး၊ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ရပ်ရွာ၊ ပြည်သူများ၊ အလှူရှင်များနှင့် စာပေချစ်မြတ်နိုးသူအဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် စာကြည့်တိုက်ကော်မတီဝင်များက ကျေးရွာစာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသီးသီးဆွေးနွေးတင်ပြခဲ့ရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)