ဒဂုံမြောက် ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲတွင် စေတနာထက်သန်စွာ လှူဒါန်းခဲ့ကြသော အလှူရှင်များနှင့် စွမ်းစွမ်းတမံဆောက်ရွက်ခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်များအားဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲ TTO ခန်းမတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒေါက်တာဇော်ဌေး၊ မြောက်ဒဂုံကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာစီလေးခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးပြည့်ဖြိုးစေ၊ ဦးတင်ညွန့်မြို့နယ်အုပ်ချုပ်ရေးမှူး(ငြိမ်း)တို့မှ ဂုဏ်ပြုပီတိစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် စေတနာထက်သန်စွာ လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် စွမ်းစွမ်းတမံဆောက်ရွက်ခဲ့ကြသော ကြက်ခြေနီကရုဏာရှင်များအား တာဝန်ရှိသူများမှ ဂုဏ်ပြုရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ စွမ်းစွမ်းတမံဆောက်ရွက်ခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြင့်မြင့်ရီ