တောင်ကြီး ဇွန် ၁၄
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးရုံး၌ ကျင်းပခဲ့သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ရှမ်းပြည်နယ်အမျိုးသားဘောလုံးအသင်းမှ တစ်ဦးချင်း မိတ်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ပြိုင်ပွဲကျင်းပရေးတွင် သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများအတိုင်း စည်းကမ်းတကျ၊ စနစ်တကျရှိစွာနှင့် မိမိအသင်းအောင်မြင်မှုရရှိနိုင်စေရန် တရားသဖြင့် ယှဥ်ပြိုင်သွားကြရန်၊ "အရှုံးအနိုင်သည်သာမည၊ ယှဥ်ပြိုင်ခြင်းသည်သာအဓိက"ဆိုသည့် အားကစားစိတ်ဓာတ်ကို အမြဲထားရှိကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ အသင်းအုပ်ချုပ်သူ နည်းပြများမှ လက်ခံရယူပြီး အလှူရှင်များမှ ထောက်ပံ့ငွေများပေးအပ်ကြ၍ ဘောလုံးအသင်းကိုယ်စား အသင်းအုပ်ချုပ်သူ ဦးစန်းယုဆွေမှ ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)