ကျိုက်မရော ဇွန် ၁၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးစပါးဧက(၅၆၀၁၂)အား လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့ထိ မိုးစပါးစိုက်ပျိုးရန်အတွက် တောင်သူများအနေဖြင့် မြေပြင်ပြီး ဧက(၁၅၉၀၀)ကျော်ရှိပြီးဖြစ်၍ စပါးအထွက်နှုန်း တိုးတက်မြင့်မားစေရန် ဆည်ရေသောက်စနစ်နှင့် ချောင်းပိတ်၊ မြောင်းပိတ်စနစ်ဖြင့် စိုက်ပျိုးရာသီတွင် အဆင်သင့်ဖြစ်စေရေးအတွက်ပျိုးထောင်ပြီး ဧကပေါင်း(၈၆၀)ဧကရှိပြီး မြေပြင်တွင်စိုက်ပျိုးပြီးဧကမှာ (၄၇၀၄)စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူထံမှ သိရသည်။
ကျိုက်မရောမြို့နယ်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်အချိန်မီစိုက်ပျိုးနိုင်စေရန် တောင်သူများအား နှစ်စဥ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်း၊ မျိုးသန့်မျိူးစေ့များထောက်ပံခြင်း၊ မျိုးစေ့ချကိရိယာ၊ ကောက်စိုက်စက်၊ SRI စနစ်ဖြင့် စနစ်တကျစိုက်ပျိုးခြင်းဖြင့် စံပြကွက်များဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြေဆီလွှာအတွင်း အာဟာရဓာတ်ပါဝင်မှုစစ်ဆေးပြီး ဓာတ်မြေသြဇာနှုန်းထား ထောက်ခံချက်ပေးခြင်း၊ ဘက်စုံပိုးမွှားရောဂါကာကွယ်ခြင်း ခေတ်မီစိုက်ပျိုးနည်းစနစ်များ လက်တွေ့ပြသခြင်း၊ စပါးစိုက်တောင်သူများအား သွင်းအားစုဓာတ်မြေသြဇာများအား စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခြင်း၊ နည်းပညာများပညာပေးခြင်း လုပ်ငန်းများကိုတောင်သူများနှင့်တွေ့ဆုံ၍ ကွင်းတာဝန်ခံဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးလှတင်မောင်က ပြောသည်။
ကျိုက်မရောမြို့နယ်တွင် ယခုနှစ်မိုးစပါးလျာထားချက်မှာ ယခင်နှစ်လျာထားဧကထက် နှစ်ထောင်ကျော် ပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)