တပ်ကုန်း ဇွန် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၊ ရွှေမြို့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က "လူ့ငယ်နှင့် လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဉ်၊ ရွှေမြို့နယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ကျော်ဝင်းသိန်းက “လူငယ်နှင့်မှုခင်းကျဆင်းရေး” ခေါင်းစဉ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က “လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြသည်။
ထိုဟောပြောပွဲအပြီးတွင် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ လူကုန်ကူးမှုအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြသည်။
ယင်းနောက် သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ရဲအုပ်ဟန်ဇော်က “လူငယ်နှင့် လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဉ်၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က “လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြပြီးနောက် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
တင်စိုးလွင်