သပိတ်ကျင်း ဇွန် ၁၄
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက သပိတ်ကျင်းမြို့၊ ဆိပ်ကမ်းရပ်ကွက်လမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သန်းခေါင်စာရင်းကောက်ယူရေးအသိပညာပေးဆိုင်းဘုတ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲမြတ်တင့်နှင့်တာဝန်ရှိသူများက အမွှေးနံ့သာများပက်ဖျန်းခဲ့ကာ ရပ်/ကျေးဥက္ကဋ္ဌများအား နံရံကပ်ပိုစတာများပေးအပ်ခဲ့သည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်မှ (၁၅)ရက်အထိကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အကြိုလှုပ်ရှားမှုအနေဖြင့် အသိပညာပေးပိုစတာစိုက်ထူခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲမြတ်တင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူးဦးကျော်စွာဟိန်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)