ကျိုင်းတောင်း ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း(နမ့်ဟူး)သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပအသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်ခန့်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်း၍ ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးစိုင်းသီဟထွန်းက ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများ၊ လူကုန်ကူးခံရလျှင်ကြုံတွေ့နိုင်မည်အန္တရာယ်များ၊ လူကုန်ကူးမခံရစေရန် သတိထားသင့်သည့် အကြောင်းအရာများနှင့် ကိုယ်တိုင်ကြားသိဖူးသော ဖြစ်ရပ်များကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များနှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကို(ပြန်/ဆက်)