မော်လမြိုင် ဇွန် ၁၃
ကျောင်းထိုင်ဘုန်းကြီးသင်တန်းအမှတ်စဉ် (၁၂) ဆရာဖြစ် ဒီပလိုမာအောင် လက်မှတ်ဆက်ကပ်ပွဲနှင့် အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျောင်းတိုင်ဘုန်းကြီးသင်တန်းကျောင်း၌ကျင်းပရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင် ကျောင်းတိုက်ကြီး ဦးစီးပဓာနနာယက ဘဒ္ဒန္တကောသလ္လ (အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ကြီးထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်မြတ်ထံ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မွန်ပြည်နယ်ကျောင်း ထိုင်ဘုန်းကြီး သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ (မဟာသဒ္ဓမ္မ ဇောတိကဓဇ) ဆရာတော်မှ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း အမှတ်စဉ် (၁၂) ဆရာဖြစ် သင်တန်းဆင်း ရဟန်းတော်များထံ ဒီပလိုမာအောင်လက်မှတ်များကို ဆက်ကပ်လှူဒါန်းခဲ့ပြီး အမှတ်စဉ် (၁၂) ဆရာဖြစ် သင်တန်းဆင်းရဟန်းတော်များနှင့် အမှတ်စဉ် (၁၃) သင်တန်းသို့ တက်ရောက်မည့် သင်တန်းသားရဟန်းများအား ကြိုဆိုနှုတ်ခွန်းဆက် သြဝါဒစကား မြွက်ကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တကောသလ္လ (အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ကြီးထံမှ သာဓုအနုမောဒနာ တရားတော်များ နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့ကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)