မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းအခမ်းအနားတက်ရောက်

မော်လမြိုင် ဇွန် ၁၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) တွင် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီး တွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေနိုင်သည့်အတွက် သိရှိရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ အကြောင်းအကျိုးကို မှန်ကန်စွာ ပိုင်းခြားဝေဖန်နိုင်ပြီး ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးလာနိုင်စေမှာဖြစ်ပြီး အခြေခံစည်းကမ်းမူဘောင်များ၊ ကျင့်ဝတ်များ၊ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း၏ အကြောင်း အရင်းများနှင့် အဂတိလိုက်စားမှုအန္တရာယ်များကို သိရှိနားလည်နိုင်မှာဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုများဟာ တစ်ဦးတစ်ယောက်ချင်းမှ နိုင်ငံတော်အဆင့်အထိ လက်တွဲဖြေရှင်းကြရမည့် အပြင် ကျောင်းသားလူငယ်များအနေဖြင့် ကောင်းမွန်သော ကိုယ်ကျင့်တရား၊ ဖြောင့်မတ် တည်ကြည်မှု၊ လူမှုတန်ဖိုးများ၊ လူမှုကျင့်ဝတ်များကို လေးစားလိုက်နာတတ်စေရန်နှင့် အမှား အမှန်ခွဲခြားတတ်စေရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြ ရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက အမှာစကားပြောကြားသည်။ ယင်းနောက် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး အစိုးရစက်မှု လက်မှုသိပ္ပံ (မော်လမြိုင်) မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများ အဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက  ပြန်လည် ဖြေကြားခဲ့ပြီး  အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)မှ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြောကြားကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက အစိုးရ စက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) ကျောင်းအုပ်ကြီး ဒေါက်တာ ဖြိုးဝေလင်းနှင့် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်း များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)