နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၄) အစည်းအဝေးတက်ရောက်

နေပြည်တော် ဇွန် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေးကို ရည်ရွယ်၍ နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၂/၂၀၂၄) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကော်မတီ အဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍအနေဖြင့် နေပြည်တော်အတွင်း ခရီးစဉ်ဒေသများဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယခင်ရှိပြီးသည့် ခရီးစဉ်နေရာဒေသများအပြင် အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာအသစ် များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ခရီးသွား လုပ်ငန်းများ၊ ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသော စီးပွားရေး လုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများအပေါ် သက်ရောက် နေသည့် အခြေအနေနှင့် အချက်အလက်များကို သိရှိစေရန်နှင့် ကုစားနိုင်ရေးအတွက် လိုအပ်သော စီမံချက်များ ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးစဉ်နေရာများ သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွား များကို ဆွဲဆောင်မှုရှိစေရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုများရရှိစေရေး စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည် သန့်ရှင်းသာယာ လှရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက် သည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အဖွဲ့အစည်း ကိုယ်စားလှယ်များက နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို အသီးသီးဆွေးနွေးတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)