ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စိုက်ပျိုးစရိတ်ချေးငွေဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ   ဇွန် ၁၃

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စိုက်ပျိုးစရိတ်ချေးငွေဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုအစည်းအဝေးသည် ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေးနှင့် ကြွေးကျန်ကောက်ခံရေးတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် စိုက်ပျိုး ရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သည့်အခါ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားဆောင်ရွက်ကြရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်တွင် စိုက်ပျိုးရေး ကဏ္ဍတိုးတက်ရေး၊ စိုက်ပျိုးရေးအခြေခံစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးမှုများပြုလုပ်ပေးလျက်ရှိကြောင်း၊ မိုခါမုန်တိုင်းအလွန်ကာလတွင်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် မျိုးကောင်းမျိုးသန့်များဖြန့်ဝေခြင်း၊ ထွန်ယက် စိုက်ပျိုးရာတွင်လည်း အချိန်မီထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက် ထွန်စက်အပြင် စက်ကိရိယာများရရှိရေးနှင့် အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ရခိုင်ပြည်နယ်ရှိ တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေ၊ လယ်ယာသုံးစက်ကိရိယာချေးငွေနှင့် အခြားအထူးချေးငွေအမျိုးမျိုးကို နိုင်ငံတော်၏မူဝါဒနှင့်အညီ နှစ်စဉ်ထုတ်ချေးပံ့ပိုးပေးလျက်ရှိကြောင်း၊ ချေးငွေများပြေကျေပြီးသည့် တောင်သူလယ်သမားများကို ချေးငွေအသစ်ရရှိရေးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နှစ်စဉ်ချေးငွေအသစ်များ ထုတ်ချေးပေးနေသည့်နည်းတူး ပေးဆပ်ရန်အချိန်စေ့ရောက်ပြီး ချေးငွေများအပြည့်အဝကောက်ခံရရှိရေးကိုလည်း အလေး ထားဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်ပေးဆပ်ရန် အချိန်စေ့ရောက်ပြီး ချေးငွေများကို အပြည့်အဝ ပြန်လည်ကောက်ခံရရှိမှသာ ငွေကြေးလည်ပတ်မှုရှိပြီး နောက်နှစ်အတွက် ချေးငွေအသစ်များကို စဉ်ဆက်မပြတ်ထုတ်ချေးပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံအတွက်အခြေခံကျသည့် တောင်သူလယ်သမားများကို ပံ့ပိုးပေးလျက်ရှိသကဲ့သို့ တောင်သူလယ်သမားများကလည်း နိုင်ငံတော်၏ စေတနာကို နားလည်သဘောပေါက်ပြီး စည်းကမ်းတကျလက်တွဲဆောင်ရွက်ကြမှသာ ရေရှည်အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည့် တောင်သူများအနေဖြင့် နိုင်ငံတော်ကပံ့ပိုးသည့် ချေးငွေအမျိုးမျိုးကို ရရှိခံစားကာ  စနစ်တကျအကျိုးရှိရှိ အသုံးပြုခြင်းဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် နိုင်ငံတော်နှင့်အတူ လက်တွဲဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့်လည်း စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရေးနှင့် ကြွေးကျန်ကောက်ခံရရှိရေးနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား သည်။

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်နယ်မန်နေဂျာ ဦးဘကျော်တင်က ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးနိုင်မည့်အခြေအနေနှင့်ကြွေးကျန်ကောက်ခံနိုင်မည့် အခြေအနေတို့အား ရှင်းလင်းတင်ပြပြီး မြန်မာ့အာမခံလုပ်ငန်း၊ ပြည်နယ်တာဝန်ခံ ဒေါ်သန်းသန်းဦးက ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံစနစ်အကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်များ ကောက်ခံရရှိနိုင်ရေးနှင့် ချေးငွေများထုတ်ချေးနိုင်ရေးအတွက် အကြံပြုဆွေးနွေး တင်ပြကြသည်။

အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)