အခြေခံပညာမူလတန်းကျောင်း(နမ့်ပါမုန်း)သို့ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကျိုင်းတောင်းမြို့ ဇွန် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း (နမ့်ပါမုန်း)သို့သွားရောက်၍ ကျောင်းသား ကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပအသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီခွဲအချိန်ခန့်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်း၍ ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ကျောင်းသား ကျောင်းသူများအား လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများ၊ လူကုန်ကူးခံရလျှင် ကြုံတွေ့နိုင်မည်အန္တရာယ်များ၊ လူကုန်ကူးမခံရစေရန် သတိထားသင့်သည့် အကြောင်းအရာများနှင့် ကိုယ်တိုင်ကြားသိဖူးသော ဖြစ်ရပ်များကို တိုင်းရင်းသား ကျောင်းသား ကျောင်းသူများ နားလည်သဘောပေါက်သိရှိစေရန် ရှမ်းတိုင်းရင်းသားဘာသာစကားဖြင့် အပြန်အလှန် ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များနှင့်နံရံကပ်ဓာတ်ပုံများကို ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကို(ပြန်/ဆက်)