အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) စျေးတန်းကျောင်းတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်

မောက်မယ် ဇွန် ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးဝန်ထမ်းများတို့က အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) စျေးတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို တစ်ကိုယ်ရည်သန့်ရှင်းရေး ယခုမိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရမည့်လုပ်ငန်းများမှာကြားခြင်း၊  ခြင်အန္တရာယ်ကင်းဝေးစေရေးနှင့် ခြင်များ မပေါက်ဖွားစေရန်အတွက် နေအိမ်နှင့်ကျောင်းဝန်းအတွင်း ပြုလုပ်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မိုးရာသီတွင်အဖြစ်များသော ဝမ်းကိုက်ဝမ်းလျှောရောဂါများမဖြစ်ပွားစေရန် စားသောက်နေထိုင်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး မူလတန်းဆင့်ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် သတ်မှတ်ကာကွယ်ဆေးများဖြစ်သည့် ဘီစီဂျီ၊ အသဲရောင်အသားဝါဘီရောဂါ၊ ပိုလီယိုရောဂါ၊  ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ) နှင့်ဆုံဆို့နာ၊ ကြက်ညာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ အစရှိသည့်ရောဂါများကို ကာကွယ်နိုင်ရန်အတွက် (၅) မျိုးစပ် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့လည်း ဆက်လက်ကွင်းဆင်း၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဆရာမထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)