မုဒုံမြို့နယ် လေဆိပ်နှင့်ဆိပ်ကမ်းစီမံကိန်း ဧရိယာအသစ်တွင်ပါဝင်သော မြေယာများအတွက် လျော်ကြေးငွေပေးအပ်

မုဒုံ ဇွန် ၁၃

မွန်ပြည်နယ် မော်လမြိုင်မြို့အနီး မုဒုံမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဥ်ကွင်းတစ်ခုနှင့် ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ရေလွှဲလမ်းကြောင်း (ညောင်ကုန်းချောင်း) တွင် ပါဝင်သော မြေဧရိယာအသစ်အတွက် လျော်ကြေးငွေပေးအပ်ခြင်း ကို ယနေ့နံနက် ၈ နာရီက ရွှေဟင်္သာခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ မြေယာလျော်ကြေးငွေများ ထုတ်ပေးနေမှုကို မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များမှကြီးကြပ်၍ တာဝန်ရှိသူများက ငွေပေးချေရာတွင် လိုအပ်သော အထောက်အထား မှတ်တမ်းများ ပြုလုပ်ပေးခြင်း၊ လျော်ကြေးပေးချေရမည့် ပုံစံ (၁၂) အရ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဧရိယာ(ဧက)စစ်ဆေးခြင်းနှင့် ချက်ဖြင့်ငွေပေးချေခြင်း စသည့်လုပ်ငန်းတို့ကို ပူးပေါင်းကူညီဆောင်ရွက်ပေးသည်။

အဆိုပါ စီမံကိန်းဧရိယာအတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေလမ်းကြောင်းလွှဲခြင်းနှင့် ညောင်ကုန်းချောင်းအကျယ်ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုတွင် မြေအဖြစ်အသုံးပြုရန်ပါဝင်သော တောင်သူ (၁၈) ဦး၏ လယ်ဧက (၂၈ ဒသမ ၂၉) ဧက၊ သီးနှံပင် (၈၇) ပင်များအတွက် စုစုပေါင်းလျော်ကြေးငွေ (၁၆၂၆၁၇၆၄၀) ကျပ်ကို တာဝန်ရှိသူများက တောင်သူများ၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)