ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကျင်းပ

ပေါင် ဇွန် ၁၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ ပြုလုပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက အ.မ.က ကဒုံစီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.မ.က ကဒုံစီးကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးသည် ကျောင်းသားများနှင့် မသက်ဆိုင်ပါကြောင်း၊ မူးယစ်ဆေးဝါးသည် အလွန်ပင်ကြောက်စရာကောင်း၍ လူသားများ၏အသက်ကိုပင်နုတ်ယူနိုင်သည့်အထိ အန္တရာယ်များကြောင်း၊ ရှောင်လေဝေးဝေး မူးယစ်ဆေးဆိုသည့်အတိုင်း မူးယစ်ဆေးဝါးကို လက်တည့်မစမ်းကြရန် ပြောကြားခဲ့သည်။

ထို့‌နောက်ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက မူးယစ်ဆေးဝါးသုံးစွဲသူများသည် လူစိတ်ပျောက်ကာ အသိတရားမရှိခြင်း၊ စိတ်ကြွဆေးဝါးများကိုသုံးစွဲခြင်းဖြင့် မိမိ၏ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားများပျက်စီးစေပြီး လူပါထိုင်းမှိုင်းစေလာနိုင်ကြောင်းကို ရှင်းလင်းဟောပြောကြားခဲ့သည်။

ထို့နောက်ကျောင်းသား/သူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့် နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)