ကွန်ဟိန်း ဇွန် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (ကွန်ဟိန်း) Grade-6 မှ ကျောင်းသား/ကျောင်းသူများနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်စေရေးအတွက် စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့ အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများတိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက အဖွင့်အမှာ စကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ရွှန်းမျက်သွယ်နိုင်က စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ပြည့်စုံသည့်လူငယ်များ ဖြစ်လာစေရန်အတွက် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စာဖတ်ဝိုင်းတွင် လူငယ်နှင့် ပရဟိတစိတ်ဓာတ်၊ လူအမျိုးမျိုးစိတ်အဖုံဖုံ၊ လူငယ်နဲ့ အပြောင်းအလဲ စသည့် ခေါင်းစဉ်များကို ကဏ္ဍအလိုက်အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မူးယစ်အန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)