ကျိုက်မရောမြို့တွင် ကျောင်းကျန်းမာရေးအသိပညာပေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေး

ကျိုက်မရော ဇွန် ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စာသင်ကျောင်း အခြေပြုကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အ.မ.က မူလွန် (ကလိုင်းကနိုင်) ကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ရှေးဦးစွာ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံကျန်းမာရေးဆရာမ ဒေါ်နီနီအေးက ကျောင်းသား၊ ကျောင်းသူများ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန်နှင့် အာဟာရဖွံ့ဖြိုးရေးအတွက် အာဟာရသုံးအုပ်စုဆိုင်ရာ အကြောင်းအရာများနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ အကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုရှိစေရန် မျက်စိ၊ နား၊ သွားများကို စစ်ဆေးပေးခြင်းများကို မူလတန်း ကျောင်းသား၊ ကျောင်းသူများအားလုံးကို တစ်ဦးချင်း စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ အရပ်၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အပူချိန်တိုင်းတာပေးခြင်း သွား၊ ခံတွင်း စသည့် ကျန်းမာရေးဆိုင်ရာများကို စစ်ဆေးကာ လိုအပ်သည့် ဆေးဝါးများကို သက်ဆိုင်ရာ ဆရာမများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)