ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သည့် လားရှိုးခရိုင်အသင်းအား ကြိုဆိုဂုဏ်ပြုပွဲကျင်းပ

လားရှိုး ဇွန် ၁၃

၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သော အားကစားသမားများအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က လားရှိုးမြို့၊ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး ခရိုင်အားကစားမှူး ဦးရဲဝင်းလှိုင်က ခရိုင်အားကစားပြက္ခဒိန် အကျဉ်းချုပ်ကို ရှင်းလင်းပြောကြား သည်။

ထို့နောက် အောင်ပွဲရ ဖူဆယ်ဘောလုံးပြိုင်ပွဲအသင်းကိုယ်စား အမျိုးသားအသင်းအုပ်ချုပ်သူ ဦးယောဆက်က ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပထမဆုရ အမျိုးသားအသင်း ၊အမျိုးသမီးအသင်းတို့ကရရှိလာသည့် ဆုဖလားများကို ခရိုင်အား/ ကာကော်မတီဥက္ကဋ္ဌထံသို့အပ်နှံပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များက အောင်ပွဲရ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးအသင်းများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုင်းထွန်း