မဟာအောင်မြေမြို့နယ်၌ လူငယ်ရေးရာဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မဟာအောင်မြေ ဇွန်  ၁၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၄)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်​ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ​မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယ​နေ့နံနက်ပိုင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးရှီးမွန်က လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာများကို အကျယ် တဝင့်ပြောကြားကာ အားကစားပစ္စည်းများကို လှူဒါန်းရာ ကျောင်းအုပ်ကြီးမှလက်ခံရယူခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦး​မြင့်သိန်းစိုးက လူငယ်နှင့်စာ​ပေအကြောင်းပြောကြားရာတွင် ကျောင်းသား/သူများဗလငါးတန်နှင့်​ပြည့်စုံ​ရေန်၊ အားလပ်တဲ့အချိန်မှာစာပေတွေကို လေ့လာစေလိုကြောင်း၊ သားကောင်းရတနာ၊ သမီးကောင်းရတနာဖြစ်လာစေရန် စာကိုကြိုးစားသင်ယူသင့်ကြောင်း၊ အကောင်းအဆိုးခွဲခြားတတ်စေရန်၊ အင်တာနက်မှတစ်ဆင့် ဗဟု သုတများရရှိနိုင်သည့် နည်းလမ်းများနှင့် စာအုပ်စာပေများသည်လည်း မည်မျှပင်ဟောင်းနွမ်းစေကာမူ ပညာဗဟုသုတများစွာ ရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဟောပြောခဲ့ပြီး ကျောင်းစာကြည့်တိုက် အတွက် ဂျာနယ်စာစောင်များကို လှူဒါန်းရာတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာ​စောင်များနှင့်​နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း