ဇေယျာသီရိမြို့နယ်၌ စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ဇေယျာသီရိ ဇွန် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း(BookClub)စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန်နှင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင်စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာစိန်ဝင်းနွယ်နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာမ ချယ်ချယ်(YU)တို့က စာရေးဆရာ ဗန်းမော်တင်အောင်ရေးသားသည့် အညတြစာအုပ်ပါ ကျပန်းအလုပ်သမားကြက်တော၊ သားမယားရချင်ရှာသောကြက်တော၏ဒုက္ခနှင့် ကြက်တော၏ စွန့်စားခန်းအမျိုးမျိုးတို့ကို အလှည့်ကျဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေချစ်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်