မုဒုံ ဇွန် ၁၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြုကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်သား/သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က(မုဒုံကြီး)စာသင်ကျောင်း၌ ဆောင်ရွက်သည်။
ဟောပြောပွဲတွင် မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမဒေါ်ချိုချိုဝင်းက ကျောင်းသား/သူများ ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် အာဟာရသုံးအုပ်စုဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ကျန်းမာရေးမှူးက မိုးရာသီတွင် ဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုများရှိစေရန် ကဗျာများဖြင့်ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် သွားဆရာဝန်ဒေါက်တာလမင်းထက်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူ(၉၂)ဦးအား အရပ်၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်လုံး၊ နား၊ လည်ပင်းစသည့်ကျန်းမာရေးဆိုင်ရာများကို စစ်ဆေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)