ကျောက်မဲ ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အထက (၄) ကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က တာဝန်ရှိသူများသည် ကျောက်မဲမြို့၌ ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ Grate-9 အောင်မြင်ပြီးသူ ကျောင်းသားကျောင်းသူများ လျှောက်ထားတက်ရောက်နိုင်ကြောင်း ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိစေရန် ရည်ရွယ်၍ အသိပညာဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာကျောက်မဲမြို့နယ်ပညာရေးမှူး ဒေါ်ခင်ဌေးက ကျောင်းသား/သူများ မိမိတို့ရရှိနိုင်မည့် အခွင့်အလမ်းများအား ကောင်းမွန်စွာရွေးချယ် အသုံးချတတ်စေရန်၊ ကျောင်းသားမိဘများ အနေဖြင့် မိမိတို့၏ သား/သမီးများ ရရှိစေနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်သည်များကို ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်၍ ဟောပြောပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ကျောက်မဲမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းမှ နည်းပြများဖြစ်ကြသည့် ဒေါ်ရွှန်းလဲ့၊ ရွှေရည်လွင်၊ ဒေါ်ယွန်းပြည့်ဖြိုးနှင့် ဦးထိန်လင်းအောင်တို့က စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာနှင့် မွေးမြူရေး အတတ်ပညာများကို အထက်တန်းပညာနှင့်တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးနေသည့် အခြေအနေများ၊ ဘာသာရပ်အလိုက် ရွေးချယ်တက်ရောက်နိုင်သည့် အခြေအနေများနှင့် ရွေးချယ်တက်ရောက်သည့် ဘာသာရပ်အလိုက် ရရှိလာနိုင်မည့် အခွင့်အလမ်းများအကြောင်းကို အသီးသီးဟောပြောဆွေးနွေးခဲ့ခြင်း၊ ကျောင်းသားမိဘများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ အလားတူဟောပြောပွဲကို အခြားအထက်တန်းကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)