မိုင်းဖြတ်မြို့နယ်တွင် စာသင်ကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်

မိုင်းဖြတ် ဇွန် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊စစ်လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (မိုင်းဖြတ်)နှင့် အ.ထ.က (ဟိုနား) ကျောင်းတို့တွင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (မိုင်းဖြတ်) တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိဌာနဆိုင်များက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသည့် ခြင်များ ခိုအောင်းမှုမရှိစေရေး ရေပုံး၊ ရေခွက်၊ ရေတွင်း၊ ရေကန်နှင့် ရေဝပ်နေသည့်နေရာများ၌ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ ပညာပေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(ဟိုနား)တွင် အဆိုပါပူးပေါင်းအဖွဲ့က ကျောင်းရှိ ရေကန်၊ ရေတွင်းများတွင် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲစစ်လုပ်ငန်းများ၊ ကျောင်းမုန့်ဈေးဆိုင်များတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားစာများ ရောင်းချခြင်းရှိ/မရှိ၊ စားသုံးရန်မသင့်သည့် အစားအစာများ ရောင်းချမှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး ဈေးဆိုင်ပိုင်ရှင်များကို ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)