ညောင်ဦး မေ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ညောင်ဦးခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ညောင်ဦးခရိုင်အတွင်း နိုင်ငံတော်အကြီးအကဲများ လာရောက်သည့် ခရီးစဉ်အတွင်း လုပ်ငန်းလမ်းညွှန်ချက်များအား ဆောင်ရွက်ကြမည့် သက်ဆိုင်ရာဌာနများနှင့် မဆောင်ရွက်မည်၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးစီးသည့် အခြေအနေများအား လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းများဖြင့် စနစ်တကျဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်ကင်းစင်ရေးနှင့် အရိပ်ရသစ်ပင်များ စနစ်တကျ စိုက်ပျိုးနိုင်ရေးတို့အား ဆက်လက်ဆွေးနွေးသည်။ ပြီးနောက် တက်ရောက်လာသည့် သက်ဆိုင်ရာဌာနဆိုင်ရာများက ပုဂံ-ညောင်ဦးလေဆိပ်မှ ကျောက်ပန်းတောင်း-ညောင်ဦးမီးပွိုင့်လမ်းဆုံအထိ လမ်းဘေးဝဲယာတစ်လျှောက် မြက်အလှပင်များ စိုက်ပျိုးနိုင်ရေး၊ အဆိုပါ မီးပွိုင့်မှ ဘုရားနီလမ်းဆုံ၊ အဆိုပါလမ်းဆုံမှ ပုဂံမြို့ဟောင်းသွား အနော်ရထာနှစ်လမ်းသွားလမ်းမကြီး လမ်းဘေးဝဲယာတို့တွင် အမှိုက်များရှင်းလင်းစေရေးတို့အား ဝိုင်းဝန်းဆွေးနွေးကြသည်။ ပုဂံရှေးဟောင်းဒေသတစ်ခွင်အတွင်း အမှိုက်ပုံးများထားရှိရေးနှင့် ဘုရားဖူးအဝင်အထွက်များသည့် သမိုင်းအထင်ကရဘုရားများတွင် အမှိုက်ပုံးများထားရှိနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း