သံဖြူဇရပ် ဇွန် ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြပွဲ/ပြိုင်ပွဲများကို ယမန်မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိဒေါ်အေးအေးသီက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောရာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဇွန်လ ၂၆ ရက်နေ့ကျရောက်တိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားများကျင်းပပြုလုပ်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်သည်အလွန်ကြောက်စရာကောင်းပြီး လူအများကိုဒုက္ခပေးသည့်မူးယစ်ဆေးဝါးကို ကျောင်းသားကျောင်းသူများမှ အသုံးမပြုကြစေရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများတွင်ပူးပေါင်းပါဝင်ကြစေရေးဆွေးနွေးပြောကြားသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ရာ ကျောင်းသားကျောင်းသူ ၁၀ ဦးတို့က “မူးယစ်ဆေးဝါးအန္တရာယ်သတိပြုကာကွယ်” ခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဆုရကျောင်းသားကျောင်းသူများအား တာဝန်ရှိသူမှ မေတ္တာလက်ဆောင်များပေးအပ်ကာ ပြသထားသည့်ဓာတ်ပုံပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာသည့် လက္ခဏာများနှင့်ဆိုးကျိုးများ၊ လူငယ်အနာဂတ်လှပဖို့ မူးယစ်ဆေးဝါးရှောင်ရှားစို့စသည် အကြောင်းအရာများပါရှိပြီး ဗဟုသုတရရှိစေမည့် သုတ/ရသစာအုပ်များကို ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)