ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဥတ္တရသီရိ ဇွန် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ရေချိုသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သက်စုခင်က အမှိုက်စနစ်တကျစွန့်ပစ်ရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ ခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာ ဗဟုသုတမေးခွန်းများ အပြန်အလှန်မေးမြန်းဖြေကြားခြင်း၊ အမှိုက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြခြင်းများကို ဆောင်ရွက်ပေးကာ အမှတ်တရဆုလက်ဆောင်များပေးအပ်ခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစာအုပ်များ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)