မိုင်းပျဉ်း ဇွန် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယနေ့နံနက် ၉ နာရီက ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကို အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းကောင်စီကတိသစ္စာခံယူပွဲ ဆောင်ရွက်ရာတွင် အ.ထ.က−ခွဲ ကျောင်းသား၊ ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားစတင်ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းကောင်စီဒုတိယဥက္ကဋ္ဌက အမှုဆောင်အဖွဲ့အမည်စာရင်းများ ဖတ်ကြားသည်။ ဆက်လက်၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးက ကတိသစ္စာခံယူကြခြင်း၊ ကျောင်းကောင်စီဥက္ကဋ္ဌက တာဝန်အထိမ်းအမှတ်အလံများ ပေးအပ်ရာ အသင်းအလိုက်အဖွဲ့ခေါင်းဆောင်များက လက်ခံရယူကြခြင်း၊ ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးက နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုခြင်း စသဖြင့် အစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆရာ၊ ဆရာမဦးရေ(၁၈)ဦး ပညာသင်ကြားပေးလျက်ရှိပြီး၊ ပညာသင်ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၆၂၆)ဦးရှိရာ ၎င်းကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမများအားလုံးနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)