မော်လမြိုင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

မော်လမြိုင်  ဇွန်   ၁၃

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊‌ မြို့နယ်အ‌‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်း(ကော့ခမယ်)၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား၊ကျောင်းသူများ အသိအလိမ္မာနှင့် ပညာဗဟု သုတများရရှိနိုင်စေရေး စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အမှား၊ အမှန်ခွဲခြားတတ်ပြီး အသိပညာဗဟု သုတများရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ၊ ရသစာအုပ်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ စာအုပ်များလာရောက် ငှားရမ်း ဖတ်ရှုစေလိုကြောင်း၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်လာစေရန်  အသိပညာပေးဆွေးနွေး ဟောပြောခဲ့သည်။

ဆက်လက်၍အခြေခံပညာအထက်တန်းကျောင်း(ကော့ခမယ်)ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာဗဟုသုတတိုးပွားဖို့ စာအုပ်စာစောင်ဖတ်ကြစို့နံရံကပ်စာစောင်နှင့်စာအုပ်စာ‌စောင်များအား ခင်းကျင်းပြသထားရာ တာဝန်ရှိသူများနှင့်ကျောင်းသား/သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန် နေ့ထူးနေ့မြတ်များတွင် ထုတ်ဝေသည့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ သုတ၊ ရသစာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း၊ အသိပညာပေး Talk Show များ ပြုလုပ်ပေးခြင်းနှင့်ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)