မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အမှတ်(၁) ရေတွန်းစက်ရုံ (မလွန်)မှ သောက်သုံးရေဖြန့်ဝေပေးနေမှုနှင့် ရေအရည်အသွေး ရေဓာတ်ခွဲစမ်းသပ်ခန်းအား ကွင်းဆင်းကြည့်ရှု

ချမ်းအေးသာစံ ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့နေလူထုအား ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေများ ဖြန့်ဝေပေးနေသည့် အမှတ်(၁) ရေတွန်းစက်ရုံ(မလွန်)သို့ ရောက်ရှိပြီး ရေအရည်အသွေး ရေဓာတ်ခွဲစမ်းသပ်ခန်းနှင့် ရေဖြန့်ဝေပေးနေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁) ရေတွန်းစက်ရုံ(မလွန်)ရှိ ရေအရည်အသွေး ရေဓာတ်ခွဲခန်းသို့ ရောက်ရှိပြီး မြို့နေလူထုအတွက် မြေအောက်ရေနမူနာရယူ၍ ရေအရည်အသွေးစမ်းသပ်စစ်ဆေးနေမှု၊ ပြင်ဦးလွင်မြို့နယ် ဘော်ကျေးရွာအုပ်စု၊ ဘော်ကျေးရွာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန် ဧက ၂၀၀ အနီး မြေအောက်ရေနမူနာအား ရေအရည်အသွေး ရေဓာတ်ခွဲစမ်းသပ်နေမှု၊ ရေတွန်းစက်ရုံတွင် မြေအောက်ရေအရင်းအမြစ်မှ ရေကိုရယူ၍ သိုလှောင်နိုင်မှု၊ ရေအရည်အသွေး ရေဓာတ်ခွဲစမ်းသပ်မှု၊ ကလိုရင်းဆေးခတ်၍ မြို့နေလူထုအား ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေ တစ်နေ့လျှင် ရေဂါလန် ၁၁ သန်းမှ ၁၃ သန်းအထိ ဖြန့်ဝေပေးနေမှုလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်