မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာ နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာတွင် ကျင်းပသည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့တက်ရောက်ပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တောင်သူများအား ရင်းနှီးစွာ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်ကစိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် ရည်မှန်းချက်ပန်းတိုင်ပြည့်မီရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်အပေါ် အခြေခံသော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးစပါး၊ နွေစပါးသီးနှံစိုက်ပျိုးထွက်ရှိမှု ပန်းတိုင်ထွက်နှုန်းပြည့်မီရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းကဏ္ဍများတွင် အားနည်းချက်များမရှိစေရေးနှင့် တောင်သူများ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားသည်။

၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း နွေသီးနှံများ စိုက်ပျိုးပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး/နွေစပါးစိုက်ပျိုးဆောင်ရွက်မှုတွင် လက်ဆွဲကောက်စိုက်စက် ဖြန့်ဖြူးပြီးစီးမှု အခြေအနေ၊ ၂၀၂၄-၂၀၂၅ ခုနှစ် တိုင်းဒေသကြီး၏ အဓိကသီးနှံ ၁၀ မျိုး စိုက်ပျိုးထားရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊  ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်ရေးအတွက် အထူးဇုန်များဖြင့် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့်တောင်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နွေစပါးစံကွက်အတွင်း ရိတ်သိမ်းခြွေလှေ့ယာဉ်ဖြင့် နွေစပါးရိတ်သိမ်းနေမှုများနှင့် စပါးထွက်ရှိမှုအား ချိန်တွယ်တိုင်းတာနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်