ချမ်းအေးသာစံ ဇွန် ၁၃
၂၀၂၄ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလာသီရိအားကစားကွင်း Multipurpose Stadium တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးဖူဆယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင် ၁၁ ခုမှ ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဗိုလ်လုပွဲစဉ်၌ မဟာအောင်မြေခရိုင်အသင်းက အောင်မြေသာစံခရိုင် အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိသော မဟာအောင်မြေခရိုင်အသင်းကို ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က ပထမဆုရရှိသော မဟာအောင်မြေခရိုင်အသင်းအား တစ်ဦးချင်းဆုဆွဲပြား များကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက အကောင်းဆုံးအားကစားသမားဆု၊ ဂိုးသမားအကောင်းဆုံး အားကစားသမားဆုများနှင့် ငွေသားဆုများကိုလည်းကောင်း၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် အသင်းများအား တစ်ဦးချင်းဆုဆွဲပြားများနှင့် အသင်းအလိုက်ငွေသားဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီးနောက် ဆုရအသင်းများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်