ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကော်ဖီစိုက်ပျိုးသည့် တောင်သူများအတွက် ကော်ဖီလှော်စက် ထောက်ပံ့ပေးအပ်

ရွာငံ ဇွန် ၁၂

နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ဒေသထွက်ကုန်တစ်ခုဖြစ်သော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်၊ မြိုင်ကျေးရွာတွင် တောင်သူဦးအောင်နိုင်ဦး စိုက်ပျိုးထားသည့် ကော်ဖီခြံ(၃)ဧကနှင့် လက်ပံပင်ကျေးရွာ၊ ရွာငံမြို့တွင် တောင်သူဒေါ်ထူး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော ကော်ဖီခြံ(၄)ဧကတို့အား ယမန်နေ့ နံနက် (၉)နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် သွားရောက်ကွင်းဆင်းကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် MSMEs အသေးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်းတစ်ခုဖြစ်သော ရွာငံမြို့၊ အင်းကုန်းရွာတွင် တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည့် ရွှေင်္သိဂီကော်ဖီခြံသို့ သွားရောက်ကြည့်ရှုရာ ခြံတာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြီး ကော်ဖီပင်မှထွက်ရှိလာသော ကော်ဖီစေ့များကို အဆင့်ဆင့်ကြိတ်ခွဲမှု အဆင့်ဆင့်ဆောင်ရွက်မှုတို့ကိုကြည့်ရှု၍ ထုတ်လုပ်ရောင်းချလျက်ရှိသော ကုန်ချောပစ္စည်းများကိုလည်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့ ဗထူးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံရပ်မိရပ်ဖများ၊ ကော်ဖီစိုက်တောင်သူများနှင့်တွေဆုံရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရွာငံဒေသ၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆောက်ရွက်နေသော အခြေအနေများသိရှိနိုင်ရန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေးရဖြစ်ကြောင်း၊ စိုက်ပျိုးသည့်တောင်သူများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ အကြံပြုချက်များသိရှိလိုပါကြောင်း၊ လိုအပ်ချက်များအပေါ် ဒေသဦးစီးအဖွဲ့နှင့်တိုင်ပင်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြချက်များကို မှတ်သားပြီး ကော်ဖီစိုက်ပျိုးထုတ်လုပ်တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ရောက်ရှိနေသည့်အချိန်တွင် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန် လိုအပ်ချက်များရှိပါက ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးပေးကြရန်နှင့် အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးရန်ရှိပါက ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည့်ဖြစ်ကြောင်း၊ လိုအပ်သည့်အကြံအဥာဏ်ပေးစရာများနှင့် ပေါင်းစပ်ပေးရန်ရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရကို တင်ပြစရာများရှိပါက တင်ပြဆောင်ရွက် ပေးသွားမည့်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် ကော်ဖီစိုက်ပျိုး ထုတ်လုပ်တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကော်ဖီလှော်စက်(၅)လုံးနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများဖြစ်သည့် မျိုးစွေချစက်၊ ကော်ဖီပျိုးပင်၊ ဓာတ်မြေသြဇာတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ကပေးအပ်ရာ ရွှေင်္သိဂီကော်ဖီလုပ်ငန်း၊ Golden Ground ကော်ဖီလုပ်ငန်း၊ ရွှေတောင်တန်းကော်ဖီလုပ်ငန်း ဓနုမယ်ကော်ဖီလုပ်ငန်း၊ မဲနယ်တောင် ကော်ဖီလုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်ပျိုးတောင်သူများမှ အသီးသီးလက်ခံရယူကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကော်ဖီစိုက်ပျိုးထုတ်လုပ်တောင်သူများအား ကော်ဖီလှော်စက် ထောက်ပံ့ပေးမှုသည် MSMEs အသေးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်းတွင် ဆောင်ရွက်နိုင်ပြီး အသုံးပြုရာတွင် ကော်ဖီစေ့တစ်ကြိမ် ကြိတ်ခွဲရာ၌ ၁.၅ကီလိုဂရမ် ကြိတ်ခွဲနိုင်ပြီး ကြိတ်ခွဲချိန် (၂)နာရီနှင့် (၂)နာရီအနားပေးကာ စက်၏တန်ဖိုးမှာ (၁၇၈)သိန်းဖြစ်၍ တရုတ်နိုင်ငံထုတ် စက်ပစ္စည်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ရွာငံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးသန့်က ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြပြီး ကော်ဖီစိုက်ပျိုး ထုတ်လုပ်တောင်သူများမှ လိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် တက်ရောက်လာသည့်တောင်သူများမှ အထွေထွေဆွေးနွေးကြ၍ ဆွေးနွေးတင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပြန်လည်ဖြေရှင်းကူညီဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)