ကျိုက်ထို ဇွန် ၁၃
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆံတော်ရှင်ကျိုက်ထီးရိုး တောင်တက်ကားလမ်း၊ ကင်မွန်းချောင်းကျေးရွာမှ (၇)မိုင်(၆)ဖာလုံ၊ စခန်းလေးရေဆိပ်ကွေ့တွင် မြေသားပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမြေသားပြိုကျမှုဖြစ်ပွားရာသို့ ရင်ပြင်တော် ရဲကင်းစခန်းမှ ဒုရဲအုပ် ဖြိုးသူကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ရင်ပြင်တော်မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးအောင်ငြိမ်းနှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့(၂၂)မှ ဒုရဲအုပ် နေမင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ခလရ(၉၆)မှ ဗိုလ်ကြီး ဟန်လင်းဦးနှင့် တပ်ဖွဲ့ဝင်များ ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးထွန်းမြင့်နှင့် တောင်တက်အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ဇွန် ၁၂ ရက်နေ့ ညပိုင်းမှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စခန်းလေးရေဆိပ်ကွေ့ တောင်တက်ကားလမ်းဘေး အမြင့်ပေ (၁၀၀) ခန့်၊ အလျားပေ (၃၀) ခန့် မြေသားပြိုကျမှုဖြစ်ပွားပြီး တောင်တက်ကားလမ်းပေါ် အရှည်ပေ(၁၀၀)ခန့် မြေသားပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်းနှင့် ပူးပေါင်းအဖွဲ့မှ မြေသားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြေသားပြိုကျပြီး တောင်တက်ကားလမ်းပိတ်ဆို့မှုများကြောင့် ကျိုက်ထီးရိုးဘုရားဖူး ပြည်သူများအား ကင်မွန်းစခန်း- ရသေ့တောင် တောင်တက်လမ်းဟောင်းမှ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်