တောင်ကြီးမြို့တွင် ကမ္ဘာ့အလုပ်သမားဆန့်ကျင်တိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

တောင်ကြီး ဇွန် ၁၂

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကမ္ဘာ့အလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံ၊ မြို့မစျေးနှင့် ရှုခင်းသာပန်းခြံတို့တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများသည် ကမ္ဘာ့အလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားဆိုင်ရာတားမြစ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက် စသည်များပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တောင်ကြီးတွင် ဖွင့်လှစ်လျက်ရှိသည့် အခမ်းအနားမှူးသင်တန်း၊ အခြေခံစာကြည့်တိုက်ပညာသင်တန်း၊ အသက်(၃)နှစ်မှ (၅)နှစ်အောက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းများသို့ သွားရောက်ပြီး သင်ခန်းစာများပို့ချဆောင်ရွက်နေမှု၊ သင်တန်းတက်ရောက်နေမှုများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှလည်း ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန်၊ ဇုန်ကော်မတီရုံးတွင် စက်ရုံအလုပ်ရုံ၊ ဆိုင်အလုပ်ဌာနများရှိ ပိုင်ရှင်၊ မန်နေဂျာများ၊ အလုပ်သမားများနှင့်ပူးပေါင်း၍ စည်းကြပ်ဉပဒေပါ ကလေးအလုပ်သမားဆိုင်ရာ ပြဋ္ဌာန်းချက်များအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)