ပုဗ္ဗသီရိမြို့နယ်အတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ အသိပညာပေးဟောပြော

ပုဗ္ဗသီရိ ဇွန် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်ကျေးရွာအုပ်စု၊ ဆင်တဲကြီးကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ အသိပညာပေးဟောပြောခြင်းကို ဇွန် ၁၁ ရက်နေ့က အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

ထိုသို့ အသိပညာပေးဟောပြောရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာမြတ်ဆုခိုင်က ကျွဲ၊ နွားများ၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်စေရန်၊ ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်တည်တံ့ရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ ဌာန၏လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သဘောထားစစ်တမ်းများ ကောက်ယူခြင်းနှင့် ဘဲမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊ ခွာနာလျှာနာ (FMD) ရောဂါထိန်းချုပ်ဇုန်အင်္ဂါရပ်များ၊ ခွာနာလျှာနာရောဂါအကြောင်း၊ နားကပ်တပ်ဆင်ခြင်း၏ အရေးပါပုံနှင့် အကျိုးကျေးဇူးများနှင့် ခွေးရူးရောဂါကာကွယ် တားဆီးရေးအကြောင်း ဝက်မွေးမြူမှုနှင့် ဝက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်ခြင်း ဆောင်ရွက်ပေးနိုင်မှုနှင့် ကူးစက်ရောဂါသတင်းပေးပို့မှုစနစ် ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး မွေးမြူရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

သန်းသန်းနွယ်(ပုဗ္ဗ)