မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကျိုင်းတုံ ဇွန် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်  ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ယန်းလူး)တွင် ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ယန်းလူး) ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ အတွင်းရေးမှူးဦးအားဒေါင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးထိခိုက်ဆုံးရှုံးမှုများအကြောင်း၊ မူးယစ်ဆေးဝါးပြစ်မှုများကျူးလွန်ပါက ချမှတ်ခြင်းခံရမည့်ပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့်အချက်များနှင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်က စာမတတ်သူပပျောက်ရေး၊ စာဖတ်တတ်သူတိုင်းစာဖတ်ရေး၊ စာပေဖတ်ရှု၍ အသိပညာတိုးပွားကာ အမှားအမှန်ခွဲခြားသိမြင်နိုင်ရေးစသော စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အကြောင်းကို ဟောပြောခဲ့ကြောင်း သိရသည်။ 

ထို့နောက် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့်အဖွဲ့များက ကျောင်းစာကြည့်တိုက်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)